Sunday 6 March 2022

တွေးမိတွေးရာ__?

                                                  
တခုတည်းကို ဆုပ်ကိုင်နေခြင်းသည် 
သစ္စာရှိတာ ဖြစ်နိုင်သလို
တခြားရွေးချယ်စရာ 
မရှိလို့လဲ ဖြစ်နိုင်တယ်။
 
တကယ့်သဘောထားအမှန်က
ရွေးချယ်စရာ ပေါ်လာတဲ့အချိန်ကျမှ 
ထင်ရှားပေါ်ထွက်လာတတ်တယ်။
 
ဧဝဟာ ရွေးချယ် နားထောင်စရာ
တခြားစကား မရှိခင်တုန်းက
ဘုရားစကားကို နားထောင်ခဲ့တယ်။
 
ရွေးချယ်စရာ တခြားစကား ရောက်လာတဲ့အခါ
ဘုရားစကားကို လစ်လျူရှူပြီး ဘုရား တားတဲ့
အသီးကို စားခဲ့တယ်။
 
 လောတဟာ ရွေးချယ်စရာ မရှိခင်အထိ
အာဗြံဟံ အနားမှာ နေခဲ့တယ်။
 
ရွေးချယ်စရာ ရှိလာတဲ့အခါ အာဗြံဟံကို စွန့်ပြီး
သူ့အတွက် ပိုကောင်းမယ်လို့ ထင်တဲ့ သောဒုံနဲ့
ဂေါမောရကို ရွေးခဲ့တယ်။
 
ဒံယေလ၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ
တို့ကတော့ အကောင်းဆုံးဆိုတာတွေနဲ့ ဘုရားကို
ယှဉ်ပြီး ရွေးခဲ့ရတယ်။
 သူတို့ဟာ ဘုရားကိုသာ ရွေးချယ်ခဲ့ပြီး
ဒုက္ခဆင်းရဲကို ခံယူခဲ့ကြတယ်။
 
ယောဘဟာ ချမ်းသာချိန်မှာ 
ဘုရားကို ချစ်တတ်တယ်။
 ဆင်းရဲချိန်မှာလဲ ဘုရားကို 
အချစ် မလျှော့ခဲ့တဲ့သူဖြစ်တယ်။
 
ယောဘရဲ့ မယားဟာ
ယောဘ ချမ်းသာချိန်မှာ ယောဘကို ချစ်ခဲ့တယ်။
ယောဘ ဆင်းရဲချိန်မှာတော့ ယောဘကိုသာ မက 
ဘုရားကိုပါ ပြစ်တင်ခဲ့တယ်။
 
လောလောဆယ်တော့ သင့် ချစ်သူဟာ
သင့်အတွက် အလှဆုံး အကောင်းဆုံး
ဖြစ်လိမ့်မယ်။
 
တခြားရွေးချယ်စရာတွေလဲ ကြုံလာလိမ့်ဦးမယ်။
အလှအပဆိုတာ ကွယ်ပျောက်တတ်တယ်။
ပျိုမြစ်ခြင်းဆိုတာလဲ ကုန်ဆုံးသွားတတ်တယ်။
 
အိုမင်းခြင်းဆိုတာလဲ မခေါ်ဘဲ ရောက်လာတတ်တယ်။
ပျိုမြစ်ချိန်မှာ တန်ဖိုးထားတဲ့ အချစ်ဟာ စစ်,မစစ်
အိုမင်းချိန်မှာ သိလိမ့်မယ်။
 
သင်နဲ့ကျွန်ုပ်လဲ ဘုရားစကားကို နားထောင်ပြီး
ဘုရားနဲ့အသက်ရှင်သွားလာချိန်တွေ ရွေးချယ်
စရာ မကြုံခင်အထိ မသိမသာ ရှိနေလိမ့်မယ်။
 
 တကယ့်သဘောထားအမှန်က ရွေးချယ်စရာ
ကြုံမှ တကယ် သိလာပါလိမ့်မယ်။
 
ရွေးချယ်စရာ ကြုံလာတဲ့အထိ
သင့်ကို မစွန့်သူဟာ တကယ် သစ္စာရှိတယ်။
 
ဘယ်လိုအခြေအနေပဲ ရောက်ရောက် ဘုရားကို
မစွန့်သူကတော့ တကယ့်ကို မင်္ဂလာရှိတယ်။

No comments:

Post a Comment